Thursday, 16 June 2016

ပရောဂျက်ဘတ်ဂျက်တွက်ချက်ခြင်း (အပိုင်း-၁)


ပရောဂျက်တစ်ခု စတင်သည့့်အခါတွင် ဒီပရောဂျက်တစ်ခုလုံးသည် ဘယ်လောက်ကုန်ကျမလဲဆိုတာ အတိအကျ တွက်ချက်ဖို့ အလွန် ခက်ခဲပါတယ်။ ပရောဂျက်မန်နေဂျာများသည် ထိုသို့ တွက်ချက်ဖို့  အမြဲ တာဝန်ယူ ရလေ့ ရှိပါတယ်။ သေသေချာချာ မသိသေးတဲ့ အချက်အလက်တွေ အများကြီး ရှိသည့့်အတွက် ကုန်ကျစရိတ်အား ခန့် မှန်းရသည်မှာ အလွန် ခက်ခဲလှပါသည်။

တိကျမှန်ကန်သော ကုန်ကျစရိတ် တစ်ခုတွက်ချက်နိုင်ခြင်းသည် ပရောဂျက် မန်နေဂျာ တစ်ယောက် အတွက်အလွန် အရေးပါသော အရည်အချင်းတစ်ခုပင်ဖြစ်ပါသည်။ 

အခြေခံ အားဖြင့် နည်းလမ်း ၂ ခုရှိပါတယ်။ တိုက်ရိုက်ဘာသာပြန်လိုက်ပါက 

၁။ အပေါ်မှ အောက်သို့ ချဉ်းကပ်နည်း (Top Down Approach) :
ဒီနည်းလမ်းကတော့  ပရောဂျက်တစ်ခုလုံး ဘယ်လောက်ကုန်ကျမည်ကို သိဖို့ နဲ့  လုပ်ငန်းစဉ် အပိုင်းလိုက် ကုန်ကျစရိတ်ကို တွက်ချက်တဲ့ နေရာမှာ သုံးကြပါတယ်။

၂။ အောက်မှ အပေါ်သို့ ချဉ်းကပ်နည်း (Bottom Up Approach) :
ဒီနည်းကတော့ လုပ်ငန်းအစိတ်အပိုင်း အသေးစိတ် တစ်ခုချင်းစီ ရဲ့ ကုန်ကျစရိတ်ကနေ စတင်တွက်ချက်ပြီး ပရောဂျက်တစ်ခုလုံး အတွက် ပြန်ပြီး ခြုံငုံသုံးသပ်ခြင်း ဖြစ်ပါတယ်။

နည်းလမ်း ၂ခု စလုံးကတော့ သူ့ အားနည်းချက်၊ အားသာချက်တွေ ကိုယ်စီရှိပါတယ်။ အောက်မှာ နည်းလမ်းတစ်ခုချင်းစီကို အသေးစိတ် လေ့ လာကြည့် ကြရအောင်။

Top Down Approach
ဒီနည်းလမ်းကတော့ များသောအားဖြင့် ကုမ္ပဏီရဲ့ အထက်ပိုင်း လူကြီးတွေသုံးလေ့ ရှိတဲ့ နည်းပါ။ သူတို့ က ပရောဂျက်တစ်ခု ဘယ်လောက်ကုန်ကျသင့် တယ်ဆိုပြီး ဆုံးဖြတ်ချက် အရင်ချပါတယ်။ ပြီးတော့ မှ လုပ်ငန်း အစိတ်အပိုင်းအလိုက် မည်ရွေ့ မည်မျှ ကုန်ကျလိမ့် မည်ကိုပြန်လည်ခွဲခြားပါတယ်။ 

ဥပမာအားဖြင့် အထက်လူကြီး ဒါရိုက်တာအဖွဲ့ ဝင်များက ပရောဂျက်တစ်ခုလုံးရဲ့ ကုန်ကျစရိတ်ဟာ ၁၀ သန်း ဟုခန့် မှန်း သတ်မှတ်ကြ သည် ဆိုပါစို့ ။ များသောအားဖြင့် တော့  အထက်လူကြီးတွေဟာ ကုမ္ပဏီကနှေ အရင့်အရင် လုပ်ဆောင်ခဲ့  ဖူးသည့်  ပရောဂျက် များ၏ ကုန်ကျစရိတ်တွေကို ပြန်ပြီး ကိုးကားလေ့ ရှိပါတယ်။ အဲ့  ဒါတွေအပေါ် မူတည်ပြီးမှ အရင်က ဒီပရောဂျက် အနေအထားဆိုရင် ၁၀ သန်းကုန်ကျခဲ့ တယ်။ ဒီတော့  အခုပရောဂျက်ဟာ လဲ ပျမ်းမျှ အဲ့  ဒီလောက်ပဲ ကုန်ကျလိမ့် မယ်ဟု ဘတ်ဂျက်ကိုသတ်မှတ်ပါလိမ့် မယ်။
အားသာချက် အနေဖြင့် တော့  ဘတ်ဂျက်ကို အရင် သတ်မှတ်ပေးလိုက်တဲ့ အတွက် ပရောဂျက်ဟာ သတ်မှတ်ပေး ထားတဲ့ ကုန်ကျစရိတ်အတွင်းမှာပဲ ၊ အလေအလွင့် နဲနဲ နှင့်  ပြီးမြောက်အောင်မြင် သွားနိုင်ပါတယ်။ 

အားနည်းချက်အနေဖြင့် ကတော့ ဒီဘတ်ဂျက်သတ်မှတ်ပေးလိုက်တဲ့ လူဟာ တကယ့် ကို လုပ်ငန်း အတွေ့  အကြုံရှိတဲ့ လူဖြစ်ရပါမယ်။ ဒါမှလဲ လက်တွေ့ ကျတဲ့ ကုန်ကျစရိတ်ကို အနီးစပ်ဆုံး သတ်မှတ်ပေးနိုင်မှာပါ။ အဲ့  ဒီလိုသာမဟုတ်ခဲ့ ရင်တော့ ပရောဂျက်ကို တကယ် လုပ်ကိုင်တဲ့ အခါမှာ လက်တွေ့ မကျတဲ့  ဘတ်ဂျက်ကြောင့် ရေရှည်မှာ ပြဿနာ အခက်အခဲတွေ အများကြီး ကြုံတွေ့ ပါလိမ့် မယ်။

Bottom Up Approach
ဒီနည်းလမ်းမှာတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းတစ်ခုချင်းစီ (Activity/Task) ကို အရင်ဆုံး စပြီး စဉ်းစားရပါတယ်။ ဥပမာအားဖြင့်  ဒီဇိုင်းတွက်ချက် မှူလုပ်ဆောင်ရန် အဆင့်  ၁၀ ဆင့်  လိုအပ်သည်ဆိုပါစို့ ။ ထိုအဆင့် တစ်ခုကိုပြုလုပ်ရန် ၁ သိန်းကုန်ကျမည်ဆိုပါက အဆင့်  ၁၀ ဆင့် အတွက် ၁၀ သိန်းကုန်ကျပေလိမ့် မည်။ ထိုမှတဖန် ပစ္စည်းဝယ်ယူရန် မည်မျှကုန်မည် ၊ သယ်ယူပို့ ဆောင်ရန် မည်မျှကုန်မည်၊ အစရှိ သဖြင့် ပရောဂျက် တစ်ခုလုံးစာအတွက် ဆက်လက် တွက်ချက်သွားခြင်းဖြစ်သည်။
ထိုသို့ ပြုလုပ်ခြင်း၏ အားသာချက်မှာ ပရောဂျက်တွင် ပါဝင်ပတ်သက်သူ အသင်းသားများကပါ ဘတ်ဂျက်တွက်ချက်ရာတွင် ပါဝင်ဆွေးနွေးနိုင် ခွင့် ရကြသဖြင့် အသင်းဝင်များသည် တွက်ချက်ထားသည့်  ဘတ်ဂျက်အပေါ်ကို ပို၍ ယုံကြည်မှူမြင့်  မားစေသည်။ လုပ်ငန်းစဉ်စာရင်း (Activity List) အပေါ်အခြေခံ ထားသဖြင့်  လုပ်ရမည့် လုပ်ငန်းစဉ် စာရင်းပြည့် စုံပါက အနီးစပ်ဆုံး တိကျသောဘတ်ဂျက်ကို ရရှိနိုင်မည်ဖြစ်သည်။

အားနည်းချက်အနေဖြင့် တော့ ဤနည်းတွင် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ စာရင်း (Activity List) ကို ပြုစုရန် အချိန်ပေးရခြင်း၊ လုပ်ငန်းစဉ်စာရင်းတွင် လုပ်ဆောင်ရမည့် လုပ်ငန်းတချို့ ကျန်နေခဲ့ သဖြင့်  ရုတ်တရက်ပေါ်လာမှ ဘတ်ဂျက်ကို လိုသလို အသုံးပြုလိုက်ရခြင်း စသည့်  အခြေအနေများ တွေ့ ကြုံလာ နိုင်ပါသည်။

ရှေ့ ဆက်ပြီး ကုန်ကျစရိတ်အမျိုးအစားများကို ပြောပြသွားပါမယ်။ အခြေခံအားဖြင့် ကုန်ကျစရိတ်များကို
တိုက်ရိုက်ကုန်ကျစရိတ် (Direct Cost) : ဤကုန်ကျစရိတ်သည် သက်ဆိုင်ရာ ပရောဂျက်တစ်ခုတည်းအတွက်ဖြစ်ပြီး လုပ်ငန်းဆောင်တာ တစ်ခုချင်းစီအတွက် ကုန်ကျစရိတ်ဖြစ်သည်။ ဥပမာအားဖြင့် လူအင်အား (Labor)၊ ကုန်ပစ္စည်း (Raw Materials)၊ ဆော့ ဖ်ဝဲလ် လိုင်စင် (Software Licenses)၊ အတိုင်ပင်ခံကျွမ်းကျင်သူများအတွက် ကုန်ကျစရိတ် (Consultant Fees)၊ ခရီးသွားစရိတ် (Travel) အစရှိသည်တို့ ဖြစ်သည်။

တိုက်ရိုက်မဟုတ်သော ကုန်ကျစရိတ် (Indirect Cost) : ဒီကုန်ကျစရိတ်တွေကတော့ ပရောဂျက် တစ်ခုတည်း အတွက်ကုန်ကျတာမဟုတ်ပဲ၊ ကုမ္ပဏီတစ်ခု လုံးအနေဖြင့်  ကုန်ကျခြင်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တော့ ကုန်ကျစရိတ်တွေရဲ့  တစိတ်တပိုင်းကိုသာ ပရောဂျက်ကနေ ပေးဆောင်ရပါတယ်။ ဥပမာ တယ်လီဖုန်းဘေများ (Telephone charges) ၊ ရုံးခန်းငှားရန်းခ (Office space (rent))၊ ကုမ္ပဏီအာမခံများ (Company insurance) နှင့် အထွေထွေ စီမံခန့် ခွဲမှူ (General administration) စသဖြင့် ဖြစ်ပါတယ်။

ဘတ်ဂျက်နဲ့ ပတ်သက်ပြီးဆက်လက် ဖော်ပြပါဦးမည်။

No comments:

Post a Comment